စာရေးသူ – (ဦးမောင်မောင်)
ရခိုင် တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့သည် လက်လွှတ်ဆုံးရှုံးနေသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို ရယူလိုကြ သည်မှာ အငြင်းပွားစရာ ပြဿနာမဟုတ်ပေ။ အကြောင်းမှာ မည်သည့်လူမျိုးမဆို မိမိတို့ ကံကြမ္မာကို သူတပါးလက်ထဲ ၀ကွက်မြုပ်နှံထားရသော ကျွန်ဘ၀တွင် မနေလိုကြပေ။ သူများအိမ်တွင် အယပ်တွဲ၍နေရသော မျက်နှာငယ်ပြီး လူရာမ၀င်သော၊ အိမ်ရှင်မျက်နှာကိုကြည့်၍ အိမ်ရှင်အကြိုက် လိုက်လုပ်နေရသော ဘ၀၏ ရင်နင့်ဖွယ်ရာကို မည်သူမျှ မခံစားလိုကြပေ။ ထို့ကြောင့် ရခိုင်အမျိုးသားများ စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့သော ၀င်နေဆဲသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးတိုက်ပွဲသည် ရခိုင်သားများ၊ ရခိုင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ထိုအတွေ့အကြုံ၏ သြဇာရိုက်ခတ်မှုကြောင့် နှလုံးသားတွင် ထင်ဟပ်ပြီး ဆင်ခြင်တွေးခေါ်မှုနှင့် နှလုံးသားခံစားမှုထဲမှ ပေါ်ပေါက်လာသည့် ရလဒ်ဖြစ်ပေသည်။
သို့ရာတွင် ပကတိအခြေအနေမှာ ကျွန်ုပ်တို့၏ ကံကြမ္မာကို လက်ဝယ်ဆုပ်ကိုင်ထား၍ အမြတ်ထုတ်ရယူနေသော သူများ သည်ကား၊ ကျွန်ုပ်တို့၏ ရပိုင်ခွင့်ကို ကြည်ကြည်ဖြူဖြူ ပေးလိုကြသည်ကိုကား မည်သည့်အခါမျှ မတွေ့ကြုံခဲ့ရပေ။ ဤအချက်ကို သမိုင်းအဖြစ်အပျက်များက သက်သေပြခဲ့ပြီး ဖြစ်သည်။
ဗမာပြည် အုပ်ချူပ်သူ လူတန်းစားများသည်၊ လူမျိုးပေါင်းစုံ ပါဝင်နေသော ပြည်ထောင်စု မြန်မာနိုင်ငံဟု ခေါ်သော ထိုတိုင်းပြည်ကို သူတို့သာလျင် ပိုင်ဆိုင်သည်။ တိုင်းရင်းသားလူမျိုးများကို သူတို့၏ အိမ်ကြီးတွင် အယပ်တွဲ၍ နေသော၊ သူတို့ပြုသမျှ နုရမည့် လက်အောက်ခံများအဖြစ် သဘောထားကြသည်။ သူတို့နှင့် တန်းတူရည်တူ သီးခြားအိမ်ပိုင် ယာပိုင်နှင့် နေထိုင်ခွင့် မပေးလိုကြချေ။ ဤအထဲတွင် ကျွန်ုပ်တို့ ရခိုင် အမျိုးသားများလည်း ပါဝင်နေကြရသည်။ ဗမာပြည် ၁၉၄၈ – ခုနှစ် လွတ်လပ်ရေး၏ အဓိပ္ပာယ်မှာ ဤမျှပင်ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက် အိမ်ပိုင်ရာပိုင်နှင့် နေထိုင်ရန် ဖွဲ့စည်းအုပ်ချူပ်ပုံတခုကို ရေးဆွဲတင်ပြရုံ လောက်နှင့် ကျွန်ုပ်တို့၏ ဆန္ဒသည် အကောင်အထည် ပေါ်လာမည် မဟုတ်ပေ။ အုပ်ချူပ်သူများက ဤဖွဲ့စည်းပုံကို အမှန်ပင် ငြင်းပါယ်ကြလိမ့်မယ်။ ဤသို့ဆိုလျင် ကျွန်ုပ်တို့ မည်သို့ လုပ်ရမည်နည်း ဆိုသော မေးခွန်းသည် ပေါ်လာရပေသည်။ အဖြေကား တခုသာရှိသည်။ ကျွန်ုပ်တို့သည် ရခိုင်ပြည်သူတစ်ရပ်လုံး (နိုင်ငံခြားတိုင်းပြည်များတွင် ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားပေါင်းစုံ အပါအ၀င်) ကို တခဲနက် စည်းလုံးစေပြီး၊ ထို စည်းလုံးသော အင်အားဖြင့် ဖိအားပေးကာ ကျွန်ုပ်တို့၏ လိုလားချက်ကို ရယူကြရပေမည်။
သို့စေကာမူ နိုင်ငံတကာ အကူအညီ၊ တခြား တိုင်းရင်းသား ညီအစ်ကိုများနှင့် ဗမာထဲမှ တရား မျှတမှုကို လက်ကိုင်ထားသူများ၏ အကူအညီကို ပစ်ပါယ်ရန် ပြောလိုခြင်း မဟုတ်ပေ။ ထို အကူအညီများကိုလည်း အရံ အင်အား အဖြစ် သိမ်းသွင်း စည်းရုံးကြပေမည်။ သို့သော် ကျွန်ုပ်တို့ ကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်မှုနှင့် ညီညွတ်ရေးသည်သာလျင် အဓိက ဖြစ်ပေသည်။
နိုင်ငံတကာ အကူအညီကို စဉ်းစားသည့်အခါမှာ ၎င်း၏ နှစ်ဘက် လက္ခဏာ ကောင်းသည့်ဘက်နှင့် ဒုက္ခပေးသည့်ဘက် နှစ်ဘက်ကို ထည့်တွက် စဉ်းစားရပေမည်။ ကျွန်ုပ်တို့သည် အင်္ဂလိပ်ကို မောင်းထုတ်ရန် ဂျပန် အကူအညီကို ရယူခဲ့သည်။ ဂျပန်ကလည်း ဗြိတိသျှ ပိုင်ဆိုင်မှုကို သူ့လက်ထဲ ရောက်ရှိရန်အတွက် ဗမာပြည်ကို ကူညီခဲ့သည်။ ထို့ကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ဗမာပြည်သည် မြေဇာပင် ဖြစ်ခဲ့ရသည်။ လူအမြောက်အမြား သေကြေဒဏ်ရာရပြီး စီးပွားပျက်ကာ ဆင်းရဲမွဲတေခဲ့ရသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်နှင့် ပေါင်းပြီး ဂျပန်ကို တိုက်ထုတ်ခဲ့ရသည်။ ထို့ကြောင့် ဗမာပြည်သည် မိအေးနှစ်ခါနာ ဖြစ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံသည် အင်္ဂလိပ်ထံမှ လွတ်လပ်ရေး လိုလားသော်လည်း၊ ဂျပန်တို့ ဂျာမဏီတို့ကို လက်မခံခဲ့ကြပေ။ ဂျပန်၊ ဂျာမဏီတို့၏ ဖက်ဆစ်စနစ်သည် ဗြိတိသျှ ကိုလိုနီဝါဒထက် ဆိုးသည်ကို အိန္ဒိယ ခေါင်းဆောင်များ ကြို၍မြင်ခဲ့ကြသည်။ ထို့ကြောင့် အိန္ဒိယ ခေါင်းဆောင်များသည် ဗြိတိသျှတို့နှင့် ပူးပေါင်းကာ အိန္ဒိယနိုင်ငံထဲသို့ ဂျပန်များ မ၀င်ရောက်နိုင်အောင် ခုခံတိုက်ခိုက်ခဲ့ ကြသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံသည် စစ်တလင်းအဖြစ်မှ လွတ်မြောက်ခဲ့သည်။ တဘက်တွင် အိန္ဒိယ ခေါင်းဆောင်များ သည် အင်္ဂလိပ်-ဂျပန် ပဋိပက္ခနှင့် စစ်မက်ဖြစ်ပွားနေသည်ကို အခွင့်ကောင်းယူကာ အိန္ဒိယလူထုကို လွတ်လပ်ရေးအတွက် စည်းရုံး သိမ်းသွင်း၍ အိန္ဒိယတပြည်လုံးကို လွတ်လပ်ရေးအတွက် သွေးစည်း ညီညွတ်သော လမ်းစဉ်ဖြင့် ခေါ်ဆောင်ခဲ့ သည်။ ဒုတိယ ကမ္ဘာစစ်၏ ဒဏ်ရာဒဏ်ချက်ကြောင့် ဗြိတိသျှကိုလိုနီစနစ်အားနည်းပျော့ခွေသည့် အခြေအနေအောက်တွင် အိန္ဒိယသည် သေနတ်တချက်မှ မဖေါက်၊ စစ်မြေပြင် မဖြစ်ဘဲ ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးကို ရယူခဲ့ကြသည်။ အိန္ဒိယ ခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုကို ချီးကျူးကြရမည်၊ လေးစား အသိအမှတ် ပြုကြရမည်။
တခါတရံတွင် နိုင်ငံတကာ အကူအညီသည် မြွေဘာလဲဆုံး၊ သားလဲဆုံး ပြည်သူများကို ဒုက္ခတွင်းနက်စေသည်ကိုလည်း သတိပြုရမည်။ ကိုယ့်တိုင်းပြည်တွင် ကိုယ့်တိုင်းရင်းသားများ ပြည်သူများကို တခဲနက် စည်းလုံးမှုမရှိ တကွဲတပြားစီ ဖြစ်နေသော အခြေအနေတွင် နိုင်ငံတကာ အကူအညီဖြင့် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းရာမှ ကိုယ့်ပြည်သူပြည်သား အချင်းချင်း ရန်ပွဲကြီးဖြစ်၊ စစ်ပွဲကြီးဖြစ်ပြီး အကူအညီပေးသူ၏ အလိုကျ မရေမရာ ဘ၀ဆိုးနှင့် ရင်နာဖွယ် ဘ၀ဖြစ်ခဲ့ ရသည်ကို သတိပြုသင့် ကြပေသည်။ တမျိုးသားလုံးကို ညီညွတ်အောင်လုပ်နိုင်သော ခေါင်းဆောင်မှုအောက်၌ သာလျင် ရရှိသော နိုင်ငံတကာ အကူအညီသည် အမျိုးသား တရပ်လုံးအတွက် အကျိုးရှိပေသည်။
အကြောင်းမှာ အမျိုးသား စည်းလုံးမှု ရရှိနေသော အခြေအနေအောက်မှာသာလျင် စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှု ကဲ့သို့သော နိုင်ငံတကာ အကူအညီမျိုးကို တိုင်းပြည်၏ ခေါင်းဆောင်မှုက မိမိတို့ အကျိုးအတွက် ထိန်းကျောင်းပေးနိုင် သည်။ မိမိအမျိုးသား အချင်းချင်း ညီညွတ်မှု မရှိသော အခြေအနေတွင် ရရှိလာသော နိုင်ငံတကာ အကူအညီသည် သူ့အကျိုးစီးပွားအတွက် မိမိတို့ကို ဓါးစာခံအဖြစ် အသုံးချသွားနိုင်သည်ကို သတိပြုကြရမည်။ ဤသို့သော သဓကများ ကမ္ဘာ့သမိုင်းတွင် အမြောက် အမြားရှိသည်။ အနည်းဆုံး ဥပမာကိုပြောရလျင် ရခိုင်ပြည်နန်းတွင်း အာဏာလုပွဲတွင် ငသံဒွေက ဗမာရှင်ဘုရင်ကို ဖိတ်ခေါ်သောကြောင့် ရခိုင် နန်းဆက်ပြုတ်ပြီး ယနေ့အထိ ကျွန်ဘ၀ ရောက်နေသည်ကို မည်သည့် အခါမျှ မမေ့အပ်ပေ။
ရခိုင်များ အပါအ၀င် ရခိုင် တိုင်းရင်းသားလူမျိုးများ တခဲနက်ပါဝင်သော အမျိုးသား ညီညွတ်ရေး လက်နက်သည် ရခိုင်ပြည် အနေနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရရှိစေသော တခုတည်းသော သော့ချက်နှင့် ပဓာနကျသော အကြောင်းတရား ဖြစ်ပေသည်။ ထို့ကြောင့် ရခိုင်ပြည်ကို ချစ်သူတိုင်း၊ ရခိုင်ပြည်သူများကို ချစ်မြတ်နိုးသူတိုင်း၊ ရခိုင်ပြည်၏ ဆုံးရှုံးခဲ့ရသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကို ပြန်လည် ရရှိလိုလားသူတိုင်းသည် ရခိုင်အမျိုးသား ညီညွတ်ရေးအတွက် မဖြစ်မနေ လုပ်ဆောင် ကြရမည်မှအပ တခြားရွေးစရာလမ်း မရှိပေ။ ဤတာဝန်ကို ယုံယုံကြည်ကြည်နှင့် အကောင်အထည် ဖော်ဖြစ်စေရန် ခေါ်ဆောင်ခြင်းမပြုသူ မည်သူမဆို တာဝန်ကျေ မျိုးချစ် မဟုတ်သေးချေ။
ကျွန်ုပ်တို့၏ အမျိုးသား ညီညွတ်ရေး ရယူရေးသည် ကျွန်ုပ်တို့၏ မျိုးချစ်စိတ် ပြည်ချစ်စိတ် ထက်သန်မှုအပေါ်တွင်သာ မူတည်ပေသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေး ရလိုသူတိုင်းသည် ဦးစွာအားဖြင့် မိမိတို့၏ မျိုးချစ်စိတ် ပြည်ချစ်စိတ်ကို တိုးပွားမြှင့်တင်ရပေမည်။ မျိုးချစ်စိတ် ပြည်ချစ်စိတ်ဆိုသည်မှာ မည်သည် နည်း။ နိုင်ငံရေးအဖွဲ့အစည်းတခု သို့မဟုတ် နိုင်ငံရေးနှင့် ပတ်သက်နေသော အဖွဲ့အစည်းတခုခုတွင် အဖွဲ့ဝင် သို့မဟုတ် ခေါင်းဆောင်တဦး ဖြစ်ရုံမျှဖြင့် တာဝန်ကျေ မျိုးချစ် ပြည်ချစ် ဖြစ်ပြီဟု အလျဉ်းမယူဆသင့်ပေ။ မျိုးချစ်စိတ်ဓာတ် ပြည်ချစ်စိတ်ဓာတ်သည် ကိုယ်ကျိုးမဖက် အမျိုးသားအတွက်၊ တိုင်းပြည်အတွက် မိမိတို့၏ လုပ်စွမ်းရည်အင်အား၊ လိုအပ်လျင် အသက်ကိုပေးအပ်သော စိတ်နေ သဘောထားနှင့် အမျိုးသား ညီညွတ်ရေးကို ဦးထိပ်ပန်သော စိတ်ဓာတ်ဖြစ်ပေသည်။
ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်းသည် မျိုးချစ်ပြည်ချစ် တယောက်အတွက် လိုအပ်ချက်ဖြစ်သည်။ မိမိအမျိုးသား အချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းခြင်း၊ မိမိတို့ အချင်းချင်း ပျက်စီးရာပျက်စီးရန် ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ဆောင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိသော အလုပ်ကိုသာ လုပ်ဆောင်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမရှိဟု သိသည်နှင့် ထိုအလုပ်များကို ချက်ချင်း ရပ်စဲခြင်း၊ သောက်စားမူးယစ်မှုကို ရှောင်ကြဉ်ခြင်းတို့ အကြုံးဝင်ပေသည်။ သောက်စားမူးယစ်ခြင်းသည် အဂတိတရားလေးပါးကို ကျူးလွန်ရန် ရေခံမြေခံဖြစ်သည်။ န၀တ နအဖတို့၏ ရခိုင်လူငယ်များအား ဖျက်ဆီးနေသော လက်နက်ကောင်း တခု ဖြစ်သည်ကိုလည်း သိရှိသင့်ကြ ပေသည်။ ထို့ကြောင့် မျိုးချစ်သူတိုင်း သောက်စားမူးယစ်ခြင်းကို မဆန့်ကျင့်၍ မရပေ။
လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မလုပ်သင့်ပေ။ လုပ်ပိုင်ခွင့် အာဏာသည် တာဝန်ဝတ္တရားကို အကောင်အထည် ဖော်ရန် ပေးအပ်ခြင်းသာဖြစ်သည်။ ၎င်းသည် ကိုယ်ကျိုးစီးပွားအတွက် ပေးအပ်ထားခြင်းမဟုတ်။ ရိုးသား ဖြောင့်မတ်ခြင်း၊ မဟုတ် မမှန်သော စကားကို မပြောခြင်း၊ မကြွားဝါခြင်း၊ နှိမ့်ချခြင်း၊ လူအများအပေါ် စေတနာထက်သန်ခြင်း၊ ကူညီနိုင်သမျှကို ကူညီခြင်း၊ စည်းကမ်းကို ရိုသေလိုက်နာခြင်း၊ အလုပ်နှင့် တာဝန်ကို ရိုသေလေးစားခြင်း၊ အားကြိုး မာန်တက် အကောင်အထည် ဖော်ခြင်း၊ အချင်းချင်း ဂုံးတိုက်ရန်တိုက် မပြုလုပ်ခြင်း၊ ဒီမိုကရေစီကို လက်ခံယုံကြည်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ လူ့အခွင့်အရေးကို လေးစားခြင်း၊ တတ်သိ ပညာများကို လေ့လာပြီး လူမျိုးနှင့် တိုင်းပြည် အတွက် အသုံးခြခြင်း၊ ငွေကြေး အလွှဲသုံးစား မလုပ်ခြင်း၊ ညီညွတ်ရေးအတွက် ဟောပြော စည်းရုံးခြင်း၊ သည်းခံ ခွင့်လွှတ်ခြင်း၊ တရားမျှတမှုနှင့် တန်းတူမှုကို အခြေခံ၍ ကျင့်ကြံနေထိုင်ခြင်း၊ ဆက်ဆံရေး မောက်မာမှုမရှိခြင်း၊ မိမိကိုယ်ကို ဗဟိုမပြုခြင်း၊ မတူခြားနားမှုထဲမှ စည်းလုံးညီညွတ်မှုကို ရယူခြင်း၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ကင်းရှင်းနိုင်သမျှရှင်းအောင် နေထိုင်မှု ပြုခြင်း တို့သည် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်တဦး အတွက် နိုင်ငံရေး ကိုယ်ကျင့်တရားများ ဖြစ်ပေသည်။ ဤသို့သော ကိုယ်ကျင့် တရားများကို လက်ခံယုံကြည်ခြင်း၊ ကျင့်ကြံရန် ကြိုးပမ်းခြင်းဖြင့် သာလျင် ခိုင်မာ သည့် အမျိုးသား ညီညွတ်ရေး အုတ်မြစ်ကို ချနိုင်ပေလိမ့်မည်။
ပွင့်လင်းခြင်း၊ အကောက်မကြံခြင်း၊ ဖြစ်ပေါ်လာသော ပြဿနာများကို ကျွန်ုပ်တို့ အချင်းချင်း တရားမျှတစွာ ကျိုးကြောင်း ဆီလျော်စွာ ဒီမိုကရေစီ နည်းလမ်းကျ ဖြေရှင်းခြင်း၊ အိမ်တွင်း ပြဿနာကို ပြင်ပမှ ၀င်ရောက် စွက်ဖက်ရန် ရေလာ မြောင်းပေး မလုပ်ခြင်း၊ အင်အားသုံး မဖြေရှင်းခြင်းတို့သည် အမျိုးသားညီညွတ်ရေး တည်ဆောက်ရာတွင် ကျွန်ုပ်တို့ လိုက်နာရမည့် လုပ်ဟန်များ ဖြစ်ပေသည်။
ကျွန်ုပ်တို့ နိုင်ငံရေး လှုပ်ရှားသူများသည် ပြည်သူတို့၏ အရှင်သခင်လည်း မဟုတ်၊ ကယ်တင်ရှင်လည်း မဟုတ်၊ ပြည်သူများ တခဲနက် မပါဘဲ ကျွန်ုပ်တို့ချည်း သက်သက်ဖြင့် မည်သည့်အရာကိုမျှ အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပြည်သူများကို မိဘသဖွယ် လေးစားသော အခြေအနေမှ နေပြီး ပြည်သူများကို ဆက်ဆံကြရ မည်။ ကျွန်ုပ်တို့သည် ပြည်သူနှင့် တိုင်းပြည်အတွက် ဖြစ်ရပြီး ပြည်သူနှင့် တိုင်းပြည်သည် ကျွန်ုပ်တို့အတွက် မဖြစ်စေရ။ ယခု န၀တ နအဖတို့သည် ပြည်သူနှင့် တိုင်းပြည်အား သူတို့ စစ်အုပ်စုအတွက် ခုတုံး လုပ်နေကြသောကြောင့် တတိုင်း ပြည်လုံး ဒုက္ခ ရောက်နေကြ သည်ကို သင်ခန်းစာ ယူသင့်သည်။
အမျိုးသားရေး ၀ါဒဟူသည် တမျိုးတစားတည်းမ ဟုတ်၊ ကွဲပြားသော အမျိုးအစားများ ရှိသည်ကို ကမ္ဘာ့ သမိုင်းက တိကျ ခြားနားစွာ ဖော်ပြခဲ့သည်။ ဟစ်တလာ ဂျာမဏီကလည်း သူတို့သည် ဂျာမန်အမျိုးသားရေးဝါဒီ ဖြစ်သည်ဟု ခံယူကြသည်။ သူတို့ အမျိုးသားရေးကို ခေါ်ဆောင်နိုင်ဖို့ အတွက် နာဇီပါတီတခုနှင့် အာဏာပိုင် ခေါင်းဆောင် တစ်ဦးသာ ရှိမည်ဟု ကြွေးကြော်သည်။ တစ်ချိန်တည်းမှာ ဂျာမန်လူမျိုးသာလျင် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးလူမျိုးဖြစ်သည်။ ဂျာမန် မဟုတ်သော တခြားလူမျိုးများသည် သူတို့ထက် နှိမ့်ကျသည်ဟုလည်းဆိုကြသည်။ ဤသို့အားဖြင့် ဂျာမန် မဟုတ်သော တခြားလူမျိုးများကို တန်းတူ အခွင့်အရေး မပေးချေ။ ဂျူးများကိုဆိုလျင် မျိုးပြုတ် သတ်ဖြတ်သည် အထိ ရက်ရက် စက်စက် လုပ်ဆောင်ခဲ့သည်။ တချိန်တည်းမှာ ဂျာမန် ပြည်သူများအား ဒီမိုကရေစီမပေး၊ လူ့အခွင့်အရေး ဆိုသည်မှာ ဝေလာဝေး နာဇီပါတီ၏ အမိန့် ညွန်ကြားချက်များကို လူတိုင်းအား လိုက်နာစေသည်။ အာခံသူ ဟူသမျှကို ဂျာမဏီ၏ ရန်သူဟု သတ်မှတ်ကာ ညှင်းပန်း နှိပ်စက်ခြင်း၊ အကျဉ်းချခြင်း၊ မတရား သတ်ဖြတ်ခြင်းတို့ကို လိုသလို ပြုလုပ်ကြသည်။ ထို့ကြောင့် ဟစ်တလာ၏ ဂျာမန် အမျိုးသားရေးဝါဒသည် ဖောက်ပြန်သော အမျိုးသားရေးဝါဒ ဖြစ်ခဲ့ရသည်။
ဗြိတိန်နိုင်ငံပဲ ဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံပဲ ဖြစ်ဖြစ် သူတို့သည်လည်း အမျိုးသားရေးကို သူတို့နည်းသူတို့ဟန်နှင့် ကျင့်သုံးကြ သည်။ သူတို့ အမျိုးသားရေး ၀ါဒကို ဒီမိုကရေစီ နည်းလမ်းနှင့် လူ့အခွင့်အရေး စည်းမျဉ်း ဥပဒေများအောက်တွင် လိုက်နာ ကျင့်သုံးကြသည်။ သူတို့သည် တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသည်။ သူတို့၏ ပြည်တွင်းပြည်ပ ပေါ်လစီများ သည် အမျိုးသား ဂုဏ်ရှိန် တိုးမြှင့်ရေးအပေါ် အခြေစိုက်ကြသည်။
ဗမာပြည်တွင် စစ်အစိုးရ အဆက်ဆက်သည်လည်း သူတို့ကိုယ် သူတို့ တိုင်းပြည်ချစ်သူများ၊ မျိုးချစ်များဟု လက်မ ထောင်ကြသည်။ ပြည်ထောင်စု မပြိုကွဲရေးအတွက် အာဏာသိမ်းကြရသည်ဟု ဆိုကြသည်။ သို့သော် သူတို့ကြောင့် ပြည်တွင်း စစ်မီး နက်ရှိုင်းခဲ့ရသည်။ ယနေ့အထိ အဆုံးမသတ်နိုင်ပဲ ဖြစ်နေရသည်။ သူတို့သည် မဟာ လူမျိုးကြီးဝါဒကို ကိုင်စွဲ၍ တိုင်းရင်းသား လူမျိုးများအပေါ် စစ်အဏာဖြင့် ကျင့်သုံးပြီး ၎င်းဝါဒနှင့်ပင် တိုင်းရင်းသားလူမျိုးများကို ကျွန်ပြုကြ သည်။ သို့သော် သူတို့၏ အမျိုးသားရေး ၀ါဒဆိုသည်မှာ အနှစ်သာရအားဖြင့် ဗမာအမျိုးသား ကောင်းစားရေးလည်း မဟုတ်၊ စင်စစ်အားဖြင့် စစ်အာဏာရှင်များက တိုင်းပြည်ကို သူတို့ စစ်အုပ်စု လက်တဆုတ်စာ အတွက် မိုက်မိုက် ကန်းကန်း လက်နက်ပြ အကြမ်းဖက် အုပ်ချူပ်ခြင်း ဖြစ်သည်။ တိုင်းရင်းသား လူမျိုးများသာမက ဗမာလူမျိုးများကိုပင် ရာသက်ပန် ကျွန်လုပ်သော နာမည်ခံ အမျိုးသားရေးဝါဒ ဖြစ်သည်။ နာဇီဂျာမန်တို့၏ ဖက်ဆစ်ဝါဒကို မြန်မာ့နည်း မြန်မာ့ ဟန်ဖြင့် ကျင့်သုံးခြင်း ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ ရခိုင်အမျိုးသားရေး ၀ါဒသည် ကျွန်ုပ်တို့၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ဆုံးရှုံးနေသည်ကို ရယူရန် တိုက်ပွဲ ဆင်နွှဲသော၊ တော်လှန်သော၊ တရားမျှတသော အမျိုးသားရေး ၀ါဒဖြစ်သည်။ ကျွန်ုပ်တို့ အမျိုးသားရေး ၀ါဒသည် ရခိုင် တိုင်းရင်းသားပေါင်းစုံတို့၏ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု အခွင့်အရေးများ ရရှိရေးကို အာမခံသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကို တောင်းဆိုသော တိုက်ပွဲ၏ မောင်းနှင်အားဖြစ်ပေသည်။ ကျွန်ုပ်တို့ အမျိုးသားရေးဝါဒသည်အသွင် အမျိုးမျိုးသော အာဏာရှင်စနစ် ဟူသမျှကို ဆန့်ကျင်သည်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တရားမျှတရေးနှင့် တန်းတူရေးသည် ကျွန်ုပ်တို့ အမျိုးသားရေးဝါဒ၏ အုတ်မြစ်ဖြစ်ပေသည်။ ကျွန်ုပ်တို့ အမျိုးသားရေးဝါဒသည် လူမျိုးရေးအရ ရန်လိုမုန်းတီးမှု၊ လူမျိုးရေးအရ နိုင်ထက်စီးနင်း အုပ်ချူပ်မှုကို ဆန့်ကျင်ပြီး ရခိုင်ပြည် တိုင်းရင်းသားပေါင်းစုံတို့၏ ညီညွတ် ရေး၊ ဖွံ့ဖြိုးရေး၊ တန်းတူရေးနှင့် တရားမျှတရေး ရယူမှုတို့ကို ပန်းတိုင်အဖြစ်ထားသော ၀ါဒ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗမာပြည်ရှိ တိုင်းရင်းသား လူမျိုးများအားလုံးနှင့် တန်းတူမှု၊ တရားမျှတမှု၊ လွတ်လပ်မှု အခြေခံပေါ်တွင် အေးအတူပူအမျှ ငြိမ်းချမ်းစွာ ပူးပေါင်း ဆောင်ရွက်လိုပြီး ကျွန်းကို ကိုင်းမှီ၊ ကိုင်းကို ကျွန်းမှီသော စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တရပ်ကို တည်ဆောက်ရန် ရည်မှန်းချက်ထားသော အမျိုးသားရေးဝါဒ ဖြစ်ပေသည်။
ယနေ့ ဗမာပြည် နိုင်ငံရေးတွင် အဓိက နိုင်ငံရေးအင်အားစု သုံးခုရှိပေသည်။ အာဏာလက်ရှိ စစ်အုပ်စုနှင့် စစ်အာဏာရှင် စနစ်၊ အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဗမာပြည် ဒီမိုကရေစီအင်အားစုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကို တိုက်ပွဲ ၀င်နေသော လက်နက်ကိုင်၊ လက်နက်မကိုင် တိုင်းရင်းသား အင်အားစုများ ဖြစ်ပေသည်။
အင်အားစု တစ်ခုစီ၏ အနေအထားကို သုံးသပ်ရလျင် စစ်တပ်အင်အားစုသည် ဗမာပြည် သမိုင်းတွင် အင်အား အကြီးဆုံးသော စစ်တပ်ကို ဖောက်ပြန်သော စစ်အာဏာရှင် စနစ်ဖြင့် ချူပ်ကိုင်ထားသူများ ဖြစ်သည်။ သူတို့သည် သူတို့၏ ဖောက်ပြန်သော လုပ်ရပ်များကြောင့် ပြည်သူလူထုက အော့နှလုံးနာ နေသူများဖြစ်သည်။ သူတို့သည် ကြီးမားသော စစ်တပ်ကြီးကို ချူပ်ကိုင်ထားနိုင်ခြင်း၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုတွင် စစ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများ အတွင်း တူညီသော နိုင်ငံရေး သဘော တူညီချက်အောက် ညီညွတ် စည်းလုံးအောင် မလုပ်နိုင်ခြင်း၊ တိုက်အားများ ပြန့်ကြဲနေခြင်းကြောင့် ယနေ့တွင် စစ်ရေးအရ စူပါပါဝါ ဖြစ်နေပေသည်။
အခြားတဖက်တွင် သူတို့၏ ဖောက်ပြန်သော စစ်အာဏာရှင် စနစ်၏ မွေးရာပါ လက္ခဏာကြောင့် လည်းကောင်း၊ ပြည်ပ ဖိအားနှင့် ပြည်တွင်း တိုက်ပွဲများတို့ကြောင့် သူတို့အတွင်း ပဋိပက္ခများသည် ယနေ့အချိန်တွင် သူပြုတ်ကိုယ်ပြုတ် အဆင့်ကို ရောက်ရှိလာရသည်။ ဤဖြစ်ပေါ်မှုကို သူတို့အဆုံးသတ်ရန် မည်သို့မျှ တတ်နိုင်မည်ကားမဟုတ်။ လက်ငင်း ဗမာပြည်၏ နိုင်ငံရေး အခြေအနေသည် အခြေခံ အပြောင်းအလဲ တခုဆီသို့ ရှေ့ရှုနေသော နှုတ်ခမ်းဝသို့ ရောက်ရှိနေ သည်။ ဗမာပြည် နိုင်ငံရေးအင်အားစုများကို အခြေခံ ဆန့်ကျင်ဘက်တို့၏ အမြင်အရ ခွဲခြမ်းလိုက်လျင် အဓိကအားဖြင့် အင်အားစု နှစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။ စစ်အာဏာရှင်စနစ်ကို အသေအလဲသက်ဆိုးရှည်ရန် အစွမ်းကုန် လုံးပတ် နေကြသော စစ်အုပ်စု ထိပ်သီးများနှင့် ၎င်းတို့၏ လက်ကိုင်ဒုတ်များက တဘက် စစ်အုပ်စု ဆန့်ကျင်သော လက်နက်ကိုင်၊ လက်နက်မကိုင် လူမျိုးပေါင်းစုံ ပါဝင်သော ပြည်သူအင်အားစုဟူ၍ ဖြစ်ပေသည်။
စစ်အုပ်စုသည် ဗမာပြည်သမိုင်းတွင် အင်အားအကြီးမားဆုံးနှင့် လူဦးရေအရ စစ်သားအချိုးအစား မြင့်မားသော ကမ္ဘာပေါ်ရှိ စစ်တပ်တခု ဖြစ်နေသည်။ ဤအုပ်စုသည် ပြည်သူတို့ထံမှ ကောက်ခံရရှိသမျှနှင့် သယံဇာတပစ္စည်းများကို တင်ပို့ရောင်းချ ရရှိသော ၀င်ငွေ၏ အများစုကို ဤစစ်တပ်ကြီးအား ပံ့ပိုးရေးနှင့် သူတို့ လက်တဆုတ်စာ ကြွယ်ဝရေးအတွက် ပြောင်ပြောင် တင်းတင်း သုံးစွဲလျက်ရှိသည်။ ပြည်သူတို့အားလည်း အစွမ်းကုန် ဖိနှိပ်ခြင်း၊ သွေးခွဲအုပ်ချူပ်ခြင်းဖြင့် စစ်အာဏာကို ဆက်လက် ထိန်းသိမ်း ကာကွယ်လျက်ရှိသည်။ ဤအတွက် ပြည်သူများသည် တစ်နေ့ထက်တစ်နေ့ ကြီးမားသော ဒုက္ခများနှင့်သာ ရင်ဆိုင်လာ နေရပေသည်။ စစ်အုပ်စုအား မကျေနပ်မှု၊ မုန်းတီးမှုများ ပိုမို၍ တိုးပွားလာ နေပေသည်။
စစ်အုပ်စုသည် မည်သို့ပင် စစ်အာဏာရှင် တည်မြဲရေးနှင့် ရှင်သန်ရေးကို ကြိုးပမ်းစေကာမူ စစ်တပ်အတွင်း အခြေအနေ သည် ၎င်းတို့ လိုလားသည်နှင့် ဆန့်ကျင်ဘက် သို့သာ ရွှေ့လျှားနေသည်ကို တွေ့နေရပေသည်။ အောက်ခြေစစ်သားများ အဖို့ တနေ့တခြား ဆင်းရဲ ကျပ်တည်းလာပြီး ထိပ်ပိုင်း စစ်ဗိုလ်များ ကြွယ်ဝချမ်းသာလာနေသည်။ အကျိုးဆက်မှာ အထက် အောက် ကွာဟမှု တရွှေ့ရွှေ့ တိုးပွားလာနေသည်။ ထိပ်ပိုင်းတွင်လည်း စီးပွားရေး စားခွက်လုယူမှု၊ နောက်လိုက် စုစည်းမှု၊ အာဏာလုမှုတို့သည် ဖုံးမနိုင်ဖိမရ ကွက်ကွက်ကွင်းကွင်း ဖြစ်လာနေသည်။ ထောက်လှမ်းရေးနှင့် ကြည်းတပ် အကြား ပဋိပက္ခသည် ပေါက်ကွဲသည့် အဆင့်ရောက်လာပြီး ထောက်လှမ်းရေးချူပ် ခင်ညွန့်အား အရေးယူ အပြစ်ပေးနေသည်။ ထောက်လှမ်းရေး အဆောက်အအုံ တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး၊ အဆောက် အအုံသစ်ကို လုပ်ရသည့် အခြေအနေသို့ ရောက်နေသည်။ ဤအခြေအနေသည် ဆက်လက် တိုးပွားလာပြီး နောက်ထပ် စစ်တပ်တွင်း အာဏာလုမှုနှင့် အကွဲအပြဲများ ထပ်မံ ဖြစ်ပွားမည့် အလားအလာသည် သေချာသလောက် ရှိနေပေသည်။ ထို့ကြောင့် စစ်အုပ်စု ဆန့်ကျင်ရေး ဘက်တော်သားများ အတွက် အခွင့်ကောင်း ဖြစ်လာသည်မှာ အငြင်းပွားစရာ မရှိပေ။ သို့သော် သူတို့ ဘာသာ သူတို့ ဆင်းပေးမည်ကား မဟုတ်ချေ။ အတိုက်အခံ အင်အားစုများဘက်မှ တွန်းမချနိုင်လျင် စစ်ဗိုလ် တစ်ဦးပြီး တစ်ဦး လက်ပြောင်းပြီး အာဏာရှင် စနစ်ကို ဆက်လက် သက်ဆိုး ရှည်စေမည် ဖြစ်ပေသည်။ ဤ အခြေအနေ အောက်တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်သော အင်အားစုများသည် အတိတ်က အမှားများကို သင်ခန်းစာရယူပြီး နည်းသစ် လမ်းသစ်နှင့် တိုက်ပွဲဆင်နွှဲဖို့ လိုအပ်သည်။
အတိတ်က ဆိုလျင် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများသည် နိုင်ငံရေးနှင့် စည်းရုံးရေးအရ တကွဲတပြားစီ ဖြစ်နေခဲ့သည်။ ဤအတွက်ကြောင့် ချီတကြောင်း ဆတ်တကြောင်း ခြေလှမ်းမညီ၊ တိုက်ချက် တကွဲတပြားစီ ဖြစ်ကာ ထိရောက်မှု မရှိသည်သာမက စစ်အာဏာရှင်တို့က တစ်ဦးစီခွဲခြားပြီး ချေမှုန်းခြင်းအောက်တွင် အထိနာခဲ့ကြရသည်။
ဤသည်ကို သင်ခန်းစာ ရယူပြီး နိုင်ငံရေး ရပ်တည်ချက် တူညီခြင်း၊ အင်အားစု အားလုံး၏ လှုပ်ရှားမှုကို ညီညွတ်စေခြင်း၊ အပြန်အလှန် ကူညီခြင်း၊ အချင်းချင်း ပဋိပက္ခ မဖြစ်ခြင်းတို့သည် စစ်အုပ်စု နေရာတွင် ဒီမိုကရေစီ အစိုးရတရပ်၊ ဖက်ဒရယ် ပြည်ထောင်စု တစ်ခုဖြင့် အစားထိုးရေး အတွက် အခြေခံ လိုအပ်ချက် ဖြစ်ပေသည်။
အတိုက်အခံ နိုင်ငံရေး အင်အားစုများ အနေနှင့် ကိုယ့်ပါတီ ကိုယ့်အုပ်စု အသီးသီး၏ နိုင်ငံရေး ရည်မှန်းချက်ကို အပြည့်အ၀ မတောင်းဆိုကြဘဲ၊ တူညီသော နိုင်ငံရေး ရပ်တည်ချက်နှင့် ရည်မှန်းချက်တခု ရရှိစေရန် အပေးအယူလုပ်ရန် လိုအပ် ပေသည်။
ယနေ့မြန်မာနိုင်ငံ၏ စစ်အုပ်စုနှင့် အတိုက်အခံတို့ အင်အား နှိုင်းယှဉ်ချက်အရ မည်သည့်ပါတီ မည်သည့် နိုင်ငံရေး အင်အားစုကမျှ တစ်ဦးချင်းအားဖြင့် စစ်အုပ်စုနှင့် စစ်အစိုးရကို အင်အားအရယှဉ်ပြိုင်၍ မရပေ။ စစ်အုပ်စုနှင့် စစ်အစိုးရ ဖယ်ရှားပြီး နောက်ပိုင်းတွင်လည်း အတိုက်အခံ အင်အားစုအားလုံးသည် တညီတညွတ်တည်းနှင့် တိုင်းပြည်ကို တည်ငြိမ်ရေးအတွက် ထိန်းသိမ်းရန် တာဝန်ရှိသည်ကိုလည်း မမေ့အပ်ပေ။
၁၉၄၈-ခု လွတ်လပ်ရေး နောက်ပိုင်း တိုင်းပြည်တွင် ဖြစ်ပေါ်လာသော အခြေအနေကို သင်ခန်းစာ ရယူကြရမည်။ စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးသည် တိုင်းရင်းသား လူမျိုးများအတွက် ဖြစ်စေ၊ ဒီမိုကရေစီ အင်အားစု အသီးသီးတွက် ဖြစ်စေ၊ အဓိက အရေးကြီးဆုံး ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ဤ စစ်အာဏာရှင် စနစ်ကြောင့်ပင် နှစ်ပေါင်း ၄၀ ကျော် အတိ ဒုက္ခရောက်ကြရသည်။ တတိုင်းပြည်လုံး ခရုဆံကျွတ် ဆင်းရဲမွဲတေ ပြာပုံဘ၀ ရောက်ခဲ့ရသည်။ ထို့ကြောင့် စစ်အာဏာရှင် စနစ် ပြုတ်ကျရုံသာ မဟုတ် စစ်အာဏာရှင် စနစ် နောက်ထပ် မပေါ်ပေါက်ဖို့ကိုလည်း တပါတည်း ဆောင်ရွက်သွားကြဖို့ လိုသည်။ ဤသို့ ဆောင်ရွက်နိုင်ရန်ဖို့ အတွက် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ကာလမှ သာမက စစ်အာဏာရှင် စနစ် လွန်ကာလမှာလည်း တိုင်းရင်းသား အင်အားစုများ ဒီမိုကရေစီ အင်အားစုများ အကြား ဒီမိုကရေစီ စနစ် ထိန်းသိမ်းရေး၊ ပြည်ထောင်စုသစ် တည်ဆောက်ရေး၊ တည်တည် ငြိမ်ငြိမ်နှင့် လက်တွဲ ချီတက်ကြရပါအုံးမည်။
ဤသို့ ဖြစ်လာစေရန် တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများအကြား အပေးအယူလုပ်ပြီး၊ သူမသာ ကိုယ်မနာမူကို ဆွဲကိုင်ကာ အားလုံးလက်ခံနိုင်သော ပြည်ထောင်စုပုံစံ၊ နိုင်ငံရေးမူဝါဒ (နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေး) တို့ကို ဆက်စပ်မှု၊ လွတ်လပ်မှု၊ တန်းတူမှုနှင့် တရားမျှတမှုရှိသော အခြေခံများအပေါ် ချမှတ်ရေးဆွဲ သင့်ပေ သည်။ ဤသို့ ညှိနှိုင်းကြရာမှာ အင်အားသုံးခြင်း၊ အကောက်ကြံခြင်းတို့ မပါဘဲ ပကတိရိုးသားဖြူစင်ခြင်း၊ အနာဂါတ် ပြည်သူ့အတွက် ဆိုးကျိုးများကို ကြိုတင်မြင်သိခြင်း စသည့် အရည်အချင်းတို့နှင့် ပြည့်စုံ့ရမည်။ သူ့ဘက်ကိုယ့်ဘက် လက်ဝါးကြီးအုပ် အမြတ်ထုတ်ရေးကို အမြော်အမြင်မဲ့စွာ လုပ်ကိုင်နေကြလျှင်၊ နောက်ထပ် စစ်အာဏာရှင်စနစ် ခေါင်းထောင်လာနိုင်သည် ကိုလည်း သိမြင်ထားဖို့လိုသည်။
၁၉၄၈-ခုနှစ်နောက်ပိုင်း အစိုးရအာဏာကိုရရှိခဲ့သော နိုင်ငံရေးပါတီများသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းခဲ့ခြင်း၊ အင်အားကို နိုင်ငံရေးပြဿနာဖြေရှင်းမှု၏ အဓိကလက်နက်အဖြစ် ကိုင်စွဲခဲ့သောကြောင့် တောမီးလောင် တောကြောင် လက်ခမောင်းခတ်အခြေအနေ ဖြစ်စေခဲ့သည်။ ထိုအခြေအနေကိုချက်ကောင်းယူ၍ စစ်အုပ်စုတောကြောင်ကြီးသည် အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံတော်အာဏာကို အလွယ်တကူပင်ရယူခဲ့သည်။ စစ်အုပ်စုကိုအားကိုးအားထား ပြုခဲ့သူများ၊ ပါတီများသည်လည်း စစ်အုပ်စု လက်ချက်နှင့်ပင် ပျက်စီးခဲ့ရသည်ကို သတိပြု ကြသင့်ပေသည်။
(ဦးမောင်မောင်သည် (၂၀၀၄) ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရကာ (၂၀၁၀) ဒုတိယအကြိမ်မြောက်ညီလာခံထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ရခိုင်ပြည်အမျိုးသားကောင်စီညီလာခံတွင် နာယကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။)
Arakan Review website – မှ ကူးယူဖေါ်ပြသည်။
http://mratnaing.files.wordpress.com တစ်ဆင့်ကူးယူဖေါ်ပြသည်။
