ရခိုင် ရိုးရာ ရထား ဆွဲပွဲ စစ်တွေတွင် စတင် ကျင်းပ

မောင်အေး
-------------
တပို့တွဲ လရောက်တိုင်း ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Rathapoye ၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က ကျောက်ဖြူတွင် ကျင်းပနေသော ရထားပွဲ
ရထားဆွဲပွဲကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က မြို့လူကြီးများက စစ်တွေမြို့ ၀င်္ကာဘာကွင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင် ယှဉ်ပြိုင်မည့် အသင်းများကို တစ်သင်းနှင့် တစ်သင်း မဲစနစ်ဖြင့် ရွှေးချယ် ခဲ့သည်ဟု သိရသည်။

"မနေ့ညနေက ၀င်္ကဘာကွင်းမှာ ရထားဆွဲပွဲ အခမ်းအနား ဖွင့်ပွဲလုပ်တယ်။ လူတော်တော်များများ တက်ရောက်ကြပါ တယ်။ ခါတိုင်းနှစ်တွေထက် စည်တယ်။ မနေ့ကတော့ ရထားဆွဲမယ့် အသင်းတွေကို ဘယ်အသင်းနဲ့ ဘယ်အသင်း စဆွဲမယ်ဆိုတာ မဲနိုက်တယ်။ ဒီနေ့ ညနေမှ ရထားဆွဲမယ်" ဟု စစ်တွေ မောလိပ်ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

ယခင်နှစ်က စစ်တွေ မိဇံရပ်ကွက်တွင် ပြုလုပ်သည့် ရထားဆွဲပွဲတွင် ရပ်ကွက်တချို့မှ ရပ်ကွက် အလိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် စစ်တွေတမြို့လုံးရှိ ရပ်ကွက်များမှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
Rathapoye
" ဒီနှစ်ပွဲက မြို့သူမြို့သားတွေ စုပေါင်းပြီးလုပ်တဲ့အတွက် အရင်နှစ်တွေကထက်ပိုပြီး စည်စည် ကားကား ကျပါတယ်။ မြို့မိမြို့ဘတွေက ရန်ပုံငွေကောက်ခံပြီးလုပ်ကြတာပါ။ မနေ့ကဆိုရင် ကွင်းတခုလုံးမှာ လူပြည့်နေတယ် တော်တော်စည်ပါတယ်" ဟု တခြားမြို့ခံ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

အလားတူ ရခိုင်ရိုးရာ ရထားဆွဲပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည့် မောင်တောမြို့တွင်လည်း ယခုလ ၅ ရက်နေ့မှစပြီး ရထားဆွဲပွဲကို သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ရထားဆွဲပွဲကို တပိုးတွဲလတွင် ကျင်းပလေ့ရှိပြီး ရထားဆွဲပွဲအစဉ်အလာ ဖြစ်ပေါ် လာခြင်းမှာ ရခိုင်ဘုရင် မင်းဗာကြီးလက်က ရှင်ငယ်ဆရာ ဦးမြ၀ါအလောင်းကို မင်းနှင့်ပြည် သူများ သူနိုင်ကိုယ်နိုင် ရထားပေါ်ပြီး တင်ပြီး အနိုင်လုဆွဲကြရာမှ စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
Copyright 2012 Arakan Today