-----------
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် များမကြာမှီက ပြုလုပ်ခဲ့သော စာပေဟောပြောပွဲများအနက် ဗမာ စာရေး ဆရာများ လာရောက်ဟောပြောသော စာပေဟောပြောပွဲများကို မြို့နယ် အာဏာပိုင်များက အားပေးပြီး ရခိုင်စာရေးဆရာများ လာရောက် ဟောပြောသော စာပေဟောပြောပွဲများကိုမူ အားမပေးသည့် အပြင် စစ်ဆေးမူများ၊ မှတ်တမ်း မှတ်ရာများကို သိမ်းဆည်းမူများ ရှိနေကြောင်း သတင်း ရရှိသည်။
ရမ်းဗြဲမြို့နယ် အတွင်း ရမ်းဗြဲ၊ ကျောက်နီမော်၊ ကျောက်ချောင်းနှင့် လေးတောင်စသည့် ကျေးရွာကြီးများတွင် လွန်ခဲ့သော အပတ်က ရခိုင်စာပေဟောပြောပွဲများ ပြုလုပ် အပြီးတွင် အာဏာပိုင်များက ရခိုင်စာပေ ဟောပြောပွဲများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ တုန့်ပြန်မူများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်စာပေ ဟောပြောပွဲများနှင့် ပတ်သက်သော ဗီဒီယိုမှတ်တမ်းများနှင့် ဟောပြောပွဲ မှတ်တမ်းဖိုင်များကို သိမ်းဆည်းသော်လည်း ဗမာ စာရေး ဆရာများ လာရောက် ဟောပြောသော စာပေဟောပြောပွဲများကိုမူ ယခုလို ပြုလုပ်ခြင်း မရှိကြောင်း သူက ပြောသည်။
" သိပ်မကြာခင်က ဗမာပြည်က နွမ်ဂျာသိုင်း၊ ဂီတာ ဖေ၀င်းနဲ့ အဏ္ဍ၀ါ စိုးမိုးတို့ ရမ်းဗြဲမှာ လာရောက် ဟောပြောပွဲသွားတယ် ။ အဲဒီတုန်းက အဲဒီ စာပေဟောပြောပွဲ မှတ်တမ်းတွေကို တောင်းတာတို့၊ စစ်ဆေး တာတွေ မလုပ်တဲ့ အပြင် သူကိုယ်တိုင် အားပေးတယ်။ ရခိုင်သားတွေ လာဟောတဲ့အခါမှ ခွေတွေကို တောင်း၊ မှတ်တမ်းတွေ ကို လာအပ်ရမယ်လို့ ပြောတယ်၊ စစ်ဆေးရေးဝင်တယ်။ ဒီကလူတွေက အာဏာပိုင်တွေက ခုလို ခွဲခြားဆက်ဆံတဲ့ အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ်" ဟု ပြောသည်။
၎င်းပြင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူ (ဗမာအမျိုးသား)က အဆိုပါ မှတ်တမ်းများကို ခရိုင်၊ ပြည်နယ် အဆင့်ထိ ပို့ပေးသွားရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ရမ်းဗြဲမြို့နယ်တွင် ဖေဖေါ်ဝါရီလ ပထမအပတ်က ပြုလုပ်ခဲ့သော ရခိုင်စာပေဟောပြောပွဲများတွင် ဦးကျော်ထွန်းအောင် ( စာရေး ဆရာ တက်ထွန်းနီ)၊ ရခိုင်သားကြီး စာပေမှ ဦးလှမြင့်၊ ဦးစောကျော်နှင့် ရန်ကုန် “စကော်လာ” စာသင်ကျောင်းမှ ဆရာမများဖြစ်သည့် နှင်းယုရွှေ၊ ထူးမယ်တို့က ဟောပြောခဲ့ကြသည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်စာပေ ဟောပြောပွဲများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်မူ အပေါ် ရမ်းဗြဲမြို့မှ စာပေ ၀ါသနာရှင် တစ်ဦးကို မေးမြန်းကြည့်ရာ ယခုလို သူ့အမြင်ကို ပြောသည်။
" ဒီကိစ္စကြားရတော့ ကျွန်တော်တို့လို စာပေ ၀ါသနာရှင်တွေသာမက စာပေမြတ်နိုးတဲ့ ဒေသခံ ပြည်သူ တွေလည်း စိတ်မကောင်ကြပါဘူး။ ဗမာ စာရေး ဆရာဘဲ လာဟောဟော၊ ရခိုင်စာရေးဆရာတွေဘဲ လာဟောဟော စာပေဟောပြောပွဲဆိုတာက တက်ရောက် နားထောင်သူတိုင်းကို အကျိုးရှိစေပါတယ်။ ဗဟုသုတလည်း ရစေပါတယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်စာပေ ဟောပြောပွဲတွေကို မလုပ်ဖို့ သွယ်ဝိုက် ပိတ်ပင် တားဆီးတဲ့ သဘောမျိုး ဖြစ်နေတဲ့ အတွက် တစ်ဦးကို တစ်ဦး ယုံကြည်ရေး၊ ချစ်ခင်ရေးတို့ဆိုတာ ပိုအလှမ်းဝေးသွားနိုင်ပါတယ်" ဟု ပြောသည်။
ရမ်းဗြဲမြို့နယ်အတွင်း ပြုလုပ်သော ရခိုင်စာပေဟောပြောပွဲမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ကျောက်နီမော်၊ ဖေဖေါ်ဝါရီ လ ၈ ရက်နေ့ နေ့လည်တွင် ကျောက်ချောင်းတိုက်နယ် ဗောဓိ ဘုန်းတော်ကြီးကျောင်း၊ အဆိုပါနေ့ ညနေ ပိုင်းတွင် လေးတောင်တိုက်နယ် ဇရပ်ပြင်နှင့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ရမ်းဗြဲ့မြို့တွင် ဟောပြောခဲ့သည် ဟု သိရသည်။
ဗမာ စာရေးဆရာများ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် အကုန်ပိုင်းက မြန်မာနိုင်ငံတွင် ၁၁ ပါးမြောက် တိပိဋက ဆရာတော် ဣန္ဒပါလက ဦးဆောင် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပြီး လာရောက် ဟောပြောကြသည့် ဗမာ စာ ရေးဆရာများမှာ နွမ်ဂျာသိုင်း ၊ ဂီတာ ဖေ၀င်းနှင့် အဏ္ဍ၀ါ စိုးမိုးတို့ ဖြစ်ကြဟု သိရသည်။
